Monday, July 27, 2009

ဒုက္ခတို့ ကင်းရာကုန်ရာ

မာ(စ)ဟိုဘရာတွင် နေထိုင်ခဲ့သော ရက်များအတွင်း၊ ကျွန်တော်ဖတ်ရသမျှ ဗုဒ္ဓ စာပေအားလုံးလောက်မှာ၊ဥရောပနှင့်အမေရိကန်သုတေသီတို့ ၏ လက်ရာတွေသာ ဖြစ်ပါသည်။ အနောက်တိုင်း သောတုဇနများအနေနှင့်၊ ဗုဒ္ဓနှင့် ဗုဒ္ဓဓမ္မကို သမိုင်းဝင်ဒဿနတစ်ရပ်အဖြစ် အလေးထား လေ့လာခဲ့ကြသည်မှာ၊ ၁၉ ရာစု ရောက် တော့မှ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ စတင်ပေါ်ထွန်းခဲ့သောဘီစီ ၆ ရာစု မှ ၁၈ ရာစု စက်မှုတော်လှန်ရေးအထိ၊ အနောက်တိုင်း သားတို့ သတ်မှတ်ထားသော ပညာစက်ဝန်းထဲတွင် ဗုဒ္ဓကိုသော်လည်းကောင်း၊ ဗုဒ္ဓဓမ္မကိုသော် လည်းကောင်း နေရာပေးဖော်ပြခဲ့ကြသည်မဟုတ်ပါ။ ၁၉ ရာစု ဥာဏ်အလင်းခေတ်ရောက်တော့မှ ဗုဒ္ဓဓမ္မ၏ အသိမ်အမွေ့ ၊ အနက်အရှိုင်းနှင့် ကြီးကျယ်ခမ်းနားမှုများကို စတင်စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်ပါသည်။




ကျွန်တော် အထင်ကြီးလေးစားခဲ့သော၊ ဆိုခဲ့ပါဥာဏ်အလင်းခေတ်ပညာရှင်များ၏ ဗုဒ္ဓနှင့်ပက်သက် သော ရေးသားချက်များကို မဖတ်ရသေးခင်အထိ၊ ကျွန်တော်ကိုယ်တိုင်သည်လည်း (အိန္ဒိယ လူမျိုးတစ်ယောက် ဖြစ်သည့်တိုင်) ဗုဒ္ဓနှင့် နီးလှသည်မဟုတ်ပါ။ ကျွန်တော်၏ ထိုစဉ်က နားလည်ချက်ထဲတွင်၊ ဗုဒ္ဓမှာရှေးဟောင်း အိ န္ဒိယပဏ္ဍိတ်များထဲမှ တစ်ဦးသာဖြစ်သည်။ ဗုဒ္ဓဓမ္မဆိုသည်မှာလည်း ရှေးဟောင်းဒဿနသဘောအချို့  ပါသ လောက်ပါသည့်တိုင်၊ သာမန် ၀တ်ပြုကိုးကွယ်မှုဆိုင်ရာ ဘာသာတရားတစ်ခုထက် ပိုလှသည်မဟုတ်ပါ။ ထို့  ထက် ဗုဒ္ဓဘာသာ၏သမိုင်းကြောင်းကိုယ်တိုင်က ဒဏ္ဍာရီပုံပြင်များနှင့် အရောရောအထွေးထွေးဖြစ်နေရာ၊ ပညာ ရပ်တစ်ခုအနေနှင့် မစဉ်းစားမိခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ပြောရလျှင် ထိုစဉ်က ကျွန်တော့်အမြင် အရ၊ အိန္ဒိယကဲ့သို့ သော ဘက်ပေါင်းစုံ ခေတ်နောက်ကျသည့်နိုင်ငံတစ်ခုတွင်၊ ဆင်ခြင်တုံတရားနှင့် ယှဉ်သည့် ဒဿနတစ်ရပ် မရှိနိုင်ဟူ၍ပင်၊ ခံယူထားခဲ့ပါသည်။ သို့ နှင့်တိုင် ကျွန်တော်လေးစားအားကျခဲ့ရသော (၁၉)ရာစု ပညာရှင်များကား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဓမ္မကို ကျွန်တော့်လို သဘောထားခဲ့ကြသည် မဟုတ်ပါချေ။


အမှန်စင်စစ် (၁၉)ရာစုနှင့် (၂၀)ရာစုခေတ်ဦးဥရောပ ပညာတတ်လူတန်းစား(အထူးသဖြင့် အနုပညာသ မားများနှင့် ပညာရှင်များ)၏ စိတ်ဓါတ်နှင့် အသည်းနှလုံးကို၊ ဗုဒ္ဓနှင့်သူ၏ဓမ္မက ကောင်းကောင်းညှို့ ယူဖမ်းစား နိုင်ခဲ့ဟန် ရှိပါသည်။ ဥာဏ်အလင်းခေတ်၏ အကျော်ဒေးယျပညာရှင်ကြီးတစ်ဦးဖြစ်သူ ရှိုပင်ဟောင်ဝါး ကိုယ် တိုင်က၊ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုစွာ နေရာပေးဖော်ပြခဲ့သည်များရှိသည်။သူ့ ဘ၀၏ နောက်ဆုံးနေ့  များသို့ ရောက်သောအခါ၊ ' သူနှင့် သူ့ တပည့်များသည်ဥရောပ၏ ပထမဆုံးဗုဒ္ဓဘာသာဝင်များဖြစ်ကြသည် ' ဟူ၍ပင်၊ ထုတ်ဖော်ရေးသားခဲ့ဖူးသည်။ အလားတူ ၀ဂ္ဂနာကလည်း၊ ဗုဒ္ဓဖြစ်တော်စဉ်ကို အော်ပရာတစ်ပုဒ်အ ဖြစ် တင်ဆက်နိုင်ရန်၊ ကြိုးစားခဲ့ဖူးသည်ဟု ဆိုသည်။

အမေရိကန်တွင် ဗုဒ္ဓ၏ဓမ္မစကြာကို စတင်လည်ပတ်ဖို့ ကြိုးစားခဲ့သူမှာ ဟင်နရီဒေးဗစ်သာရိုးဖြစ်သည်။ သူက ပြင်သစ်ဘာသာဖြင့်ရှိပြီးဖြစ်သော ဗုဒ္ဓကျမ်းစာတစ်စောင် 'ကြပဒုမ္မာသုတ္တန်'(Lotus Sutra)ကို၊ အင်္ဂလိပ် ဘာသာပြန်ဆိုခဲ့သည်။ (၁၉၂၂) သို့ ရောက်သောအခါ၊ ဂျာမန်စာရေးဆရာ ဟာမင်ဟက်စီ ၏ "သိဒ္ဓတ္တ"၀တ္တု ထွက်လာသည်။ ဤစာအုပ်မှာ ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္တမင်းသားအကြောင်းတော့မဟုတ်။ သို့ သော်ဗုဒ္ဓ လိုပင်လောကီကာမဂုဏ်အာရုံများကိုစွန့် လွှတ်ပြီး၊အမှန်တရားကို ရှာဖွေခဲ့သည့် ခေတ်ပြိုင် ဗြဟ္မဏလူငယ် တစ်ယောက်အကြောင်းဖြစ်သည်။ (ဤစာအုပ်ကို ဆရာကြီးပါရဂူက မြန်မာဘာသာပြန်ဆိုခဲ့ပြီးဖြစ်ပါသည်။) (၁၉၆၀) ပြည့်လွန်နှစ်များလောက်ထိ၊ အမေရိကနှင့်ဥရောပလူငယ်များဤ၀တ္တုကိ တရှိုက်မက်မက် ဖတ်ခဲ့  ကြသည်။ မိမိတို့ လူ့ အဖွဲ့ အစည်းရှိ ကြမ်းရှလွန်းသော ရုပ်ဝါဒအမာထည်များကို ခံတွင်းမတွေ့ ရာမှ၊ အရှေ့  တိုင်းဒဿနဘက်သို့  ဦးလှည့်လာခြင်းဖြစ်ပါလိမ့်မည်။

(၁၉)ရာစု၏ အကျော်ကြားဆုံး ဒဿနပညာရှင်ကြီးဟုဆိုနိုင်သော နစ်ရှေး သည်လည်း၊ ဗုဒ္ဓဘာသာကို အထူးစိတ်ဝင်စားခဲ့သောပညာရှင်တစ်ဦးဖြစ်ပါသည်။ သူ၏ နောက်ဆုံးစာအုပ်တွင် သမားရိုးကျ ဥရောပ ခရစ် ယာန်ဝါဒနှင့် ဗုဒ္ဓ၀ါဒကို နှိုင်းယှဉ်အကဲဖြတ်ခဲ့သည်များရှိသည်။ နစ်ရှေးက ဗုဒ္ဓဓမ္မကို "အားအင်ကုန်ခန်းနေသော ယဉ်ကျေးမှုဟောင်းတစ်ခုမှ မွေးထုတ်လိုက်သည့်၊ နူးညံ့သိမ်မွေ့ သည်နှင့်အမျှ နက်ရှိုင်းခက်ခဲသော ဒဿနအ လှတရားတစ်ခု" ဟုရည်ညွှန်းဖော်ပြခဲ့သည်။ နစ်ရှေးနှင့်ခေတ်ပြိုင်ကဗျာဆရာ၊ ဒဿနပညာရှင် "ရိန်နာမရီယာ ရီလိုက်" ဆိုလျှင်၊ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကိုယ်နှင့်မကွာဆောင်ထားခဲ့ဖူးသည်ဟု ဆိုသည်။ ၀တ်ပြုကိုးကွယ် စရာရုပ်တုတစ်ခုအနေနှင့်ကား ဟုတ်ဟန်မတူပါ။ ဒဿနပညာ၏ အမွန်အမြတ်သင်္ကေတအဖြစ် အမှတ်တရသ ဘောမျိုး ဆောင်ထားခြင်းဖြစ်ပါလိမ့်မည်။

ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆို ချီးကျူးခဲ့ကြသူများမှာ၊ ဒဿနဆရာများ နှင့်ကဗျာဆရာများ ချည်းမဟုတ်ပါချေ။ သိပ္ပံပညာရှင်များနှင့်မျိုးရိုးဗေဒပညာရှင်များလည်း ပါဝင်ပါသည်။ နာမည်ကျော် အိုင်းစ တိုင်းကြီးက၊ ဗုဒ္ဓဘာသာကို အနာဂတ်ကာလ၏ ကမ္ဘာလုံးသဘောဆောင်နိုင်သည့် ဘာသာတရား ဖြစ်ဖွယ်ရှိ သည်ဟု အကဲဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ၏ ဟောကြားချက် များမှာ၊ ခေတ်သစ်သိပံ္ပနှင့် သဟဇာ တမျှသောကြောင့်ဟု သူကဆိုပါသည်။ ပြင်သစ်မနုဿဗေဒ ပညာရှင်တစ်ဦးဖြစ်သူ "ကလော်ဒီ လဲဗစ်စထရပ်" ကလည်း၊ သူ၏ အမှတ်တရစာစု Tristes Tropuques (၁၉၅၅ ခုနှစ်က ထုတ်ဝေသည်) ကို ဗုဒ္ဓဘာသာ၏ အံ့ ချီးမကုန်နိုင်စရာများဖြင့် ယခုလိုနိဂုံးစာချုပ် ခဲ့သည်။ သူ့ စာ . . .။

' ဆရာအဆူဆူထံမှ ကျွန်ုပ်သင်ယူရရှိသမျှ ဒဿနကျမ်းပေါင်းမြောက်များစွာမှ၊ ကျွန်ုပ်ရောက်ရှိကျင် လည်ရာလူ့ သမဂ္ဂများမှ ကျွန်ုပ် နားလည်သိရှိခဲ့သမျှ၊ ကျွန်ုပ်ဖတ်ခဲ့ရသမျှ အနောက်တိုင်းသားတို့  အထူးဂုဏ် ယူကြသောသိပံ္ပကျမ်းများမှ၊ ကျွန်ုပ်သင်အံခဲ့ရသမျှ အသိပညာအားလုံးမှာ၊ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ဝန်း ကျင်က သစ်ပင်တစ်ပင်အောက်တွင် ထိုင်ရင်း၊ သိမှု၏ အနက်ရှိုင်းဆုံးနေရာမှထွက်ပေါ်လာသော အသိအလိမ္မာ တရားများနှင့် နှိုင်းယှဉ် လိုက်သောအခါ၊ အလွန်သေးငယ်လှသော အပိုင်းအစလေးတွေမျှသာ ဖြစ်နေသည်ကို၊ ကျွန်ုပ်ကိုယ်တိုင် တအံ့တသြ တွေ့ ရှိလိုက်ရပေသည်။ '

သို့ နှင့်တိုင် ထိုခေတ်ထိုအခါ (၁၉ ရာစုနှင့် ၂၀ ရာစုခေတ်ဦး) အနောက်တိုင်းပညာတတ်အားလုံး၊ ဗုဒ္ဓ ၏ဓမ္မမှ ဥာဏ်အလင်းရသွားခဲ့သည်ဟူ၍ကား ဆိုနိုင်လိမ့်မည်မဟုတ်ပါချေ။ ခက်ခဲနက်နဲသည်နှင့်အမျှ သိမ်မွေ့  သည်လည်းရှိသော ဗုဒ္ဓဓမ္မ၏ တရားကိုယ်များကို၊ သူတို့ နားလည်ကြသလို အဓိပ္ပါယ်ဖွင့်ခဲ့ကြရင်း၊ ဘ၀င်ကျသွား သူတွေရှိခဲ့သလို၊ ခံတွင်းမတွေ့ နိုင်သူများလည်းရှိခဲ့သည်သာ ဖြစ်သည်။ တစ်ဖက်မှ ယုံကြည်ပြီး၊ ကျန်တစ်ဖက်မှ သံသယပွားကြသူများလည်း ရှိခဲ့ပါသည်။ ဥပမာ နစ်ရှေးဆိုလျှင် (ဆိုခဲ့ပြီးသည့်အတိုင်း) ဗုဒ္ဓဘာသာကို လေးစား တန်ဖိုးထားခဲ့သည့်တိုင်၊ ဗုဒ္ဓ၏ ဓမ္မကို 'မတက်ကြွသောနတ္ထိဝါဒ' (passive nihilism) အဖြစ်သာနားလည်ခဲ့သည် "ထာဝရဘုရား(ဂေါ့ဒ်) နှင့် အစဉ်အလာကျင့်ဝတ်တို့ ကို ငြင်းပယ်ခဲ့ကြသော အနောက်တိုင်းသားတို့ အနေနှင့်၊ ဘ၀ကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းရင်း၊ ဗုဒ္ဓ၏မတက်ကြွသော နတ္ထိဝါဒနားခိုရာတွင် လမ်းပျောက်သွားနိုင်သည့် အန္တာရာယ်ကိုကား၊ ကျွန်ုပ်အမှန်ပင်စိုးရိမ်မိပါ၏" ဟု သူကရေးခဲ့သည်။

(၂၀) ရာစုခေတ်ဦး၊ (၁၉၂၂)ခုနှစ်ကလည်း အသက်(၃၁)နှစ်အရွယ်မျှသာ ရှိသေးသော၊ ရုရှားလူငယ် ကဗျာဆရာ အိုဆစ်(ပ)မန်ဒီ(လ)စတမ် ၏အက်ဆေးစာအုပ်တစ်အုပ်ထွက်ခဲ့သည်။ ဤစာအုပ်တွင် သူကဗုဒ္ဓ၏ 'နိဗ္ဗာန်' ကို သူနားလည်သလိုအဓိပ္ပါယ်ဖွင့်ပြီး၊ 'လောကီဘ၀ဆိုင်ရာတက်ကြွသော အတွေးအမြင်များအတွက်၊ တစ်စွန်းတစ်စလေးမှ နေရာမရှိ' ဟု ဝေဖန်သည်။ ဤသို့  ဝေဖန်ပြီးသကာလ၊ 'ဗုဒ္ဓ၀ါဒကား (၁၉)ရာစုဘူဇွာလူ တန်းစား၏ တိုးတက်ရေးဘာသာတရားဆိုသည်ကို၊ အထွတ်တင်လိုက်သော သဘာဝလွန်ရွက်တိုင်ကြီးပင်ဖြစ် တော့သည်' ဟု ကောက်ချက်ဆွဲခဲ့သည်။ တစ်ဆက်တည်းမှာပင်'(၂၀) ရာစုသည် ဗုဒ္ဓ၀ါဒအပါအ၀င် (၁၉)ရာစု ၏ ရုပ်လွန်အယူအဆများကိုပယ်ပြီး၊ (၁၈) ရာစုဆင်ခြင်တုံတရားဆီသို့ ပြန်လည်ဦးလှည့်လိမ့်မည်' ဟူ၍လည်းနိ မိတ်ဖတ်ခဲ့သည်။

အမှန်စင်စစ်၊ မန်ဒီ(လ)စတမ်အပါအ၀င် (၁၉၂၀)တစ်ဝိုက် ဥရောပပညာရှင်များရရှိခဲ့ကြသော ဗုဒ္ဓဓမ္မ နှင့်ပက်သက်သည့်သတင်းအချက်အလက်များမှာ၊ အကန့် အသတ်တစ်ခု အတွင်းတွင်သာရှိသည်ဟု ဆိုရပါလိမ့် မည်။ (သို့ အတွက်ကြောင့်ပင်၊ ဗုဒ္ဓဓမ္မကို လောကီနှင့်ဘာမှမဆိုင် မတက်ကြွသောနတ္ထိ၀ါဒစသည်ဖြင့်၊ သူတို့  နားလည်သလို လွဲလွဲမှားမှား အဓိပ္ပါယ်ဖွင့်ခဲ့ကြခြင်းဖြစ်သည်။) အဘယ်ကြောင့်ဆိုသော်၊ ထိုကာလလောက်အ ထိဥရောပသောတုဇနတို့ ၏ ဗုဒ္ဓဘာသာနှင့်ပက်သက်သော ကြိုးပမ်းလေ့လာမှုများမှာ၊ နှစ်ပေါင်းတစ်ရာဝန်း ကျင်သာရှိသောကြောင့် ဖြစ်ပါသည်။ သူတို့ အားလုံး၊ ဗုဒ္ဓဘာသာကို စနစ်တကျလေ့လာဖို့ စတင်ကြိုးပမ်းခဲ့ကြ သည်မှာ၊ ၁၉ ရာစုအစပိုင်းလောက်မှဖြစ်သည်။ ဤသို့ လေ့လာကြရှုာတွင်လည်း အိန္ဒိယတိုက်ထွက် ဗုဒ္ဓဓမ္မမူ ရင်းများထက်၊ အိန္ဒိယတိုက်ငယ်အပြင်ဘက်ရောက် မူကွဲများမှတစ်ဆင့်သာ ချဉ်းကပ်ခဲ့ကြသည်က များသည်။အ ထူးသဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာမှ ဖြစ်ပါသည်။

(၁၈၄၄)ခုနှစ်တွင်၊ ပြင်သစ်လူမျိုးပညာရှင်တစ်ဦးဖြစ်သူ ယူဂျင်းဘားနပ်(ဖ)ပြုစုသော 'ဗုဒ္ဓဓမ္မမိတ်ဆက်' အမည်ရှိသော ဗုဒ္ဓဘာသာအဖွင့်ကျမ်းတစ်စောင်ထွက်ခဲ့သည်။ ဥရောပပညာလောကကို၊ ဗုဒ္ဓဓမ္မနှင့်မိတ်ဆက်ဖို့  ကြိုးစားခဲ့သောပထမဆုံးအားထုတ်မှု၊ ဆိုနိုင်ပါလိမ့်မည်။ သိပ်မကြာလှသော အချိန်ကာလတစ်ခုအတွင်း၊ ဤစာ အုပ်မှာ ဥရောပသာမက အမေရိကသို့ ပါ ပျံ့ နှံ့ သွားခဲ့သည်။ နယူးအင်္ဂလန်တွင် အီမာဆန်နှင့်သော်ရိုးတို့ စတင် ထုတ်ဝေခဲ့သော 'နာရီချိန်ခွက်' (The Dial) ဂျာနယ်တွင်၊ ဤစာအုပ်မှကောက်နှုတ်ချက်များကို အပတ်စဉ်ဖော် ပြပေးခဲ့သည်။ ပြောရလျှင် ရှိုပင်ဟောင်ဝါးအပါအ၀င် ဥရောပပညာတတ်များ ဗုဒ္ဓဘာသာအပေါ် အာရုံညွှတ်လာ ကြသည်မှာ၊ ဤစာအုပ်၊ ဤဂျာနယ်များနှင့် တစ်စုံတစ်ရာဆက်စပ်နေသည်သာဖြစ်သည်။

ဆိုခဲ့ပါ စာအုပ်နှင့်ဂျာနယ်၏သြဇာမှာ ရာစုတစ်ခုကိုကျော်ပြီး၊ (၁၉၂၀) ပြည့်လွန်နှစ်များတွင် လူဖြစ် ကြီးပြင်းခဲ့သော ကမ္ဘာတစ်ခြမ်းမှ လူငယ်တစ်ဦး၏အစောပိုင်းလက်ရာများအထိ၊ သက်ရောက်မှုရှိခဲ့ပါသည်။အဆို ပါလူငယ်ကား ရှိုပင်ဟောင်ဝါး၏ စာများကို စွဲစွဲလမ်းလမ်းနှစ်နှစ်ခြိုက်ခြိုက်ဖတ်မှတ်ခဲ့သူ အာဂျင်တီးနား အက် ဆေးဆရာ 'ဂျော့လူးဆစ်ဘောဂျီး(စ)' ဖြစ်သည်။ (၁၉၂၂)ခုနှစ်တွင် 'ကိုယ်ရည် ကိုယ်သွေးနတ္ထိသဘော' (The Nothingness of Personality) ဆိုသောသူ၏ အက်ဆေးစာအုပ်ထွက်ခဲ့သည်။ ဤစာအုပ်တွင် သူက(၁၉)ရာစု ဥရောပ၏'စိတ်ကူးယဉ်ဆန်သောအတ္တကိုးကွယ်မှုနှင့်၊ အာပေါင်အာရင်းသန်သော 'ပုဂ္ဂလိက၀ါဒ' တို့ ကို ပြင်း ပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။ ဤသို့ တိုက်ခိုက်ရာတွင် သူနှစ်ခြိုက်လိုလားစွာ အကိုးအကားပြုခဲ့သည်မှာ၊ ဗုဒ္ဓ ဘာသာအကြောင်း မိတ်ဆက်ဖော်ပြထားသော ဂျာမန်ဂန္တ၀င်ကျမ်းတစ်စောင်ဖြစ်သည်။ သို့ နှင့်အမျှဘောဂျီး(စ) ၏အက်ဆေးတွင်၊ 'အတ္တမရှိ' ဆိုသောရပ်ခံမှုကို အကြိမ်ကြိမ်အထပ်ထပ်တွေ့ နေရသည်။ သို့ သော် သူကိုးကား ညွှန်းဆိုသော 'အတ္တမရှိ' ဆိုသည်မှာ၊ ဗုဒ္ဓ၏ 'အနတ္တ' သဘောထိကားမရောက်ဟု ကျွန်တော်ထင်ပါသည်။

ကျွန်တော့်အမြင်ပြောရလျှင်၊ မန်ဒီ(လ)စတမ်ရောဘောဂျီး(စ)သည်ပါ၊ ဗုဒ္ဓဓမ္မ၏အခြေခံများကို ထဲထဲဝင် ၀င်ဆုပ်ကိုင်မိဟန်မရှိပါ။ ဤသို့ ဖြစ်ရသည်မှာလည်း၊ သူတို့ ဖြတ်သန်းခဲ့ကြသော သမိုင်းခေတ်များ၏ အကန့် အ သတ်များနှင့်၊ ဆိုင်မိပါလိမ့်မည်။ (၁၉၂၀) ပြည့်လွန်နှစ်များလောက်အထိ စိန့် ပီတာစဘတ်တွင်လည်းကောင်း၊ ဗျူနိုအေရီတွင်လည်းကောင်း၊ (ပြောရလျှင် ဥရောပရော အမေရိကတွင်ပါ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆို၍ တစ် ယောက်မှမရှိသေးပါ။ အနောက်ဘက်ကမ္ဘာသို့  ဗုဒ္ဓဘာသာဝင်များရောက်ရှိလာသည်မှာ၊ ဒုတိယကမ္ဘာစစ်အပြီး ကျမှ ဖြစ်သည်။ သို့ အတွက် ဆိုခဲ့ပါကဗျာဆရာနှင့် အက်ဆေးဆရာတို့ သိရှိနားလည်ခဲ့ကြသော ဗုဒ္ဓဓမ္မမှာ၊ ဥာဏ်အလင်းခေတ်ပညာရှင်များ၏ မှန်ပြောင်းမှတစ်ဆင့်သာဖြစ်ပါသည်။ (၁၉)ရာစု ဥရောပ၏ ဆင်ခြင်တုံတ ရားနှင့် ပုဂ္ဂလိက၀ါဒအပေါ် ချဲ့ ကားပြောဆိုမှုများကို ဘ၀င်မကျရာမှ၊ သူတို့ နားလည်ထားသောဗုဒ္ဓဓမ္မကို ဝေဖန် ရေးလက်နက်အဖြစ်သုံးခဲ့ကြသည့်သဘော ဖြစ်ဖို့ များပါသည်။

ဝန်ခံရလျှင် ကျွန်တော်၏ စိတ်အခံကိုယ်တိုင်က၊ ဘာသာရေးနှင့်နီးလှသည်မဟုတ်ပါ။ ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမိသည်မှာလည်း၊ အနောက်တိုင်းသုတေသီများ၏စာများကို ဖတ်မှတ်လေ့လာရာမှ ပေါ်ထွက်လာ သော၊ စိတ်အဆာ တစ်ခုဖြစ်နိုင်ပါသည်။ သို့ နှင့်တိုင်၊ ဆိုခဲ့ပါ အနောက်တိုင်းစာအုပ်များက၊ ကျွန်တော်၏စိတ်အ ဆာကို ကျေနပ်မှုမပေးနိုင်ခဲ့ပါ။ ဤသို့  အဆာမပြေဖြစ်ခြင်းကြောင့်ပင်၊ ဗုဒ္ဓဓမ္မ၏တကယ့်အနှစ်ကို ပိုသိချင်လာ ခြင်းဖြစ်နိုင်ပါသည်။

ကျွန်တော်၏ လူငယ်လူရွယ်ဘ၀ နွေလယ်အိပ်မက်များစွာထဲမှ တစ်ခုမှာ၊ ဗုဒ္ဓအကြောင်း စာတစ်အုပ်ပြု စုဖို့ ဖြစ်ပါသည်။ ခက်နေသည်မှာ ဗုဒ္ဓ၏လူပုဂ္ဂိုလ်ဘ၀ကိုသော်လည်းကောင်း၊ သူ၏ဓမ္မကိုသော်လည်းကောင်း၊ ဟုတ်ဟုတ်ငြားငြား ထဲထဲဝင်ဝင် မသိခြင်းပင်ဖြစ်သည်။ ဗုဒ္ဓ၏ဖြစ်တော်စဉ်များကို အိန္ဒိယရှေးဟောင်းကျမ်းထဲ တွင် ရှာကြည့်သည်။ ကျွန်တော်ကျွမ်းဝင်သော အနောက်တိုင်းဒဿနကျမ်းတွင် ရှာကြည့်သည်။ ဤသို့ ရှာဖွေ ကြည့်ရင်းမှပင် သူတို့ တစ်တွေ၏ ဒဿနချဉ်းကပ်မှုနှင့် ဗုဒ္ဓဓမ္မ၏အသိမ်အမွေ့ ကြားတွင်၊ ကွက်လပ်ကြီးတစ်ခု ခံ နေသည်ဟု ကျွန်တော်အလိုလိုသိလာသည်။

သည်လိုနှင့်၊ အဆာမပြေသော စိတ်အခံနှင့် စေစားရာအတိုင်း၊ အိန္ဒိယတစ်နံတစ်လျား ခရီးနှင်နေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့်၊ ဗုဒ္ဓဓမ္မ ပေါ်ထွန်းရာ အနားသတ်မျဉ်းများ တစ်လျောက်၊ ၀ဲလည်လိုက်နေခဲ့ခြင်း ဖြစ်သည်။ ဤသို့ခြေဦးတည့်ရာ လေပွေလှည့်ရင်း၊ ဗုဒ္ဓဘာသာဝင် သူတော်ဝင် သူတော်စင်များနှင့် တွေ့ကြုံဆုံစည်း ခဲ့ရခြင်းဖြစ်ပါသည်။ သူတို့တစ်တွေကား၊ အနောက်တိုင်းသားတွေလို ဒဿနစကားမပြော။ သူတို့ယုံကြည်ရာ တစ်စုံတစ်ရာတွင်သာ သူတို့တစ်ဘ၀လုံး မြုတ်နှံဟန်ရှိသည်။ သူတို့ ဘာတွေးတွေး နေကြမည်နည်း။ သူတို့ ဘာတွေရရှိကြသနည်း။ ကျွန်တော် သိချင်စိတ်ကို တဆစ်ဆစ်ကိုက်ခဲနေသော မွေးခွန်းများ ဖြစ်ပါသည်။ ဤမေးခွန်းများကို အဖြေထုတ်ဖို့ ကြိုးစားရင်းမှပင် ဗုဒ္ဓဘာသာဝင်များ အပြောများသော ကမ္မဌာန်းဆိုသည်ကို၊ ကျွန်တော် စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်သည် ဗုဒ္ဓဓမ္မ၏ အနှစ်သာရကို၊ စာမျက်နှာများပေါ် ရှာကြည့်ခဲ့သည်။ မတွေ့။ ဒေသန္တ အမှတ်အသားများကြားတွင် ရှာကြည့်ခဲ့သည်။ တွေ့သလိုလို ရှိသော်လည်း တကယ်တော့ မတွေ့။ ဤသို့ဆိုလျှင် ကျွန်တော်နှင့် ဘယ်တုန်းကမှ မရင်းနှီးခဲ့သော၊ နယ်ပယ်သစ်ထဲသို့ ချင်းနင်းဝင်ရောက် ရှာဖွေဖို့သာ ကျန်တော့်သည်။ ကမ္မဌာန်း။ ပို၍ တိတိကျကျဆိုရလျှင် ၀ိပဿနာကမ္မဌာန်း။ ဗုဒ္ဓက "မိမိခန္ဓာ၏ ဖြစ်ပျက်အမှန်ကို အရင်းအတိုင်း မြင်အောင်ရှု" ဟု သင်ကြားခဲ့သည်။ ကျွန်တော့်ခန္ဓာကား ကျွန်တော်နှင့် အနီးဆုံး။ စာအုပ်တွေ ခံနေသော ကျွန်တော့်အတွက် အနီးဆုံးသည် အဝေးဆုံးဖြစ်နေပြီလား။

ဆက်လက်ဖော်ပြပါမည်။

လင်းထက်ဇော်

0 comments:


Free Blogger Templates by Isnaini Dot Com and Wedding Dresses. Powered by Blogger